← ပင်မစာမျက်နှာ

အပြောင်းအရွှေ့

Manchester United ရဲ့ ဒုတိယအကြိမ် စာချုပ်ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ Bruno Fernandes

Manchester United ရဲ့ ဒုတိယအကြိမ် စာချုပ်ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ Bruno Fernandes
ဓာတ်ပုံခရက်ဒစ်: Sky Sports Football

Manchester United အသင်းခေါင်းဆောင်ဟာ ကလပ်ရဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပေမဲ့ လက်ရှိ စာချုပ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်တွေ စိစစ်နေချိန်မှာ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

မျှဝေရန်
FollowFacebookTelegramXWhatsApp

Manchester United အသင်းခေါင်းဆောင် Bruno Fernandes ဟာ ကလပ်အသင်းဘက်က ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်ကို ငြင်းပယ်လိုက်တာကြောင့် Old Trafford မှာ သူ ဆက်ရှိနေမလားဆိုတဲ့ အနာဂတ်ဟာ ပိုမိုလှုပ်ခတ်စရာ ဖြစ်လာခဲ့ပါပြီ။ Current စာချုပ် ကုန်ဆုံးဖို့ ၂၀၂၇ ခုနှစ် ဇွန်လအထိ လိုသေးပေမဲ့ အခုလို ငြင်းပယ်မှု ကြောင့် အခြေအနေတွေဟာ ပိုမိုတင်းမာသွားခဲ့တာပါ။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးမှုများ လုံးဝရပ်ဆိုင်းသွားတာတော့ မဟုတ်ဘဲ နောက်ထပ် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေသလို Manchester United ဘက်ကလည်း အသင်းခေါင်းဆောင်ကို ဆက်ထိန်းထားချင်နေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ စတင်ခဲ့တဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို Bruno Fernandes ဘက်က ငြင်းပယ်ခဲ့ပြီးနောက် Manchester United က ပိုမိုကောင်းမွန်တဲ့ စည်းကမ်းချက်တွေနဲ့ ဒုတိယအကြိမ် ပြန်လည်ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း နှစ်ဖက်စလုံးကြား စာချုပ်သစ် အတွက် သဘောတူညီမှု မရရှိသေးပါဘူး။ အဓိကအားဖြင့် လုပ်ခလစာ ပမာဏနဲ့ စာချုပ်သက်တမ်း ကြာမြင့်ချိန်တို့အပေါ် ညှိနှိုင်းရခက်ခဲနေကြတာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အချိန်ဇယားအရ ကြည့်ရင်တော့ ဒီအခြေအနေဟာ Manchester United အတွက် တကယ့်ကို အရေးကြီးတဲ့ ဖိအားတစ်ခု ဖြစ်လာနေပါတယ်။ အကယ်၍ စာချုပ်သစ် မချုပ်ဆိုနိုင်ရင် အင်္ဂလန်ပြင်ပက ကလပ်အသင်းတွေနဲ့ လာမယ့် ဇန်နဝါရီလကစပြီး စာချုပ်သက်တမ်းကုန်ချိန်မှာ အခမဲ့ အပြောင်းအရွှေ့ (Free transfer) နဲ့ ထွက်ခွာဖို့ တရားဝင် စတင်ဆွေးနွေးခွင့် ရရှိသွားတော့မှာပါ။ Manchester United ဘက်မှာတော့ လက်ရှိ စာချုပ်ကို နောက်ထပ် ၁ နှစ် နှစ် သက်တမ်းတိုးနိုင်တဲ့ option ပါဝင်တာကြောင့် ဒါကို အသက်သွင်းလိုက်ရင် ဇန်နဝါရီမှာ အခြားအသင်းတွေနဲ့ ဆွေးနွေးခွင့်ကို တားဆီးထားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ option ဟာ ကလပ်အတွက် ယာယီကာကွယ်မှု ရရုံပဲရှိပြီး ရေရှည်စာချုပ်သစ် ပြဿနာကိုတော့ အပြီးသတ် ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။

အသက် ၃၂ နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ Bruno Fernandes အတွက်ော ကလပ်အသင်းအတွက်ပါ နောက်ထပ် ချုပ်ဆိုမယ့် စာချုပ်ဟာ အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ သူဟာ နောက်ဆုံး စာချုပ်ကို ၂၀၂၄ ခုနှစ်မှာ လက်မှတ်ရေးထိုး ခဲ့တာပါ။ Manchester United ဘက်က အသင်းခေါင်းဆောင်ကို ဆက်လက်ထိန်းသိမ်းချင်တဲ့ သဘောထားကို တရားဝင် ပြသထားပေမဲ့ Bruno Fernandes ကတော့ သူ့ရဲ့ အနာဂတ်အတွက် သေချာတွက်ဆ ချိန်ဆနေပါတယ်။ သို့သော်လည်း တွေ့ဆုံဆွေးနွေးမှုများ ပျက်ပြယ်သွားပြီလို့ သတင်းတွေက မဆိုထားတာကြောင့် နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်လက်ဖြစ်ပေါ်လာဖို့ လမ်းစ ပွင့်နေဆဲ ဖြစ်ပါတယ်။

Bruno Fernandes ရဲ့ အသင်းမှာ ရှိနေတဲ့ တန်ဖိုးဟာ လက်ပတ်တစ်ခုတည်းနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး။ သူဟာ ပြီးခဲ့တဲ့ ရာသီက Premier League စံချိန်တင် ဖန်တီးမှု ၂၁ ကြိမ်အထိ စွမ်းဆောင်ခဲ့သလို ဩဂုတ်လမှာ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ မေလမှာ FWA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သူပါ။ ဒီလို ထူးချွန်တဲ့ မှတ်တမ်းတွေကြောင့်ပဲ စာချုပ်သစ် စည်းကမ်းချက်တွေ မပြေလည်သေးပေမဲ့ Manchester United က သူ့ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားနေတာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ ပြည်ပကလပ်တွေရဲ့ စိတ်ဝင်စားမှု သမိုင်းကြောင်းလည်း ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဆော်ဒီကလပ် Al Hilal အသင်းက Bruno Fernandes ကို ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ဖူးပေမဲ့ သူက Manchester United မှာပဲ ဆက်လက်နေထိုင်ခဲ့တာပါ။ ဒီဖြစ်ရပ်က ရှေ့ဆက်ဖြစ်လာမယ့် အနာဂတ်ကို အပြည့်အဝ အာမမခံနိုင်ပေမဲ့ သဘောတူညီမှု မရရှိသေးရင်တော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်ဟာ စာချုပ်သစ် ကိစ္စအတွက် ပိုမို အရေးကြီးတဲ့ အလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။

လက်ရှိအချိန်ထိတော့ နှစ်ဖက်စလုံးက ဆွေးနွေးပွဲ တံခါးကို ပိတ်မထားသေးပါဘူး။ Manchester United ဘက်က ကမ်းလှမ်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့သလို စာချုပ်သက်တမ်း ၁ နှစ် တိုးပိုင်ခွင့် option ကိုလည်း ကိုင်ထားဆဲဖြစ်ပြီး Bruno Fernandes ကတော့ ကမ်းလှမ်းမှုနှစ်ခုစလုံးကို ငြင်းပယ်ထားပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အဆင့်ကတော့ ပြည်ပအသင်းတွေနဲ့ စတင်ဆွေးနွေးခွင့် မရရှိမီအချိန်အတွင်း လုပ်ခလစာနဲ့ စာချုပ်သက်တမ်း ကွာဟချက်တွေကို တွေ့ဆုံဆွေးနွေးမှုများ ကနေတစ်ဆင့် ပေါင်းကူးတံတား ထိုးနိုင်မလားဆိုတာဘဲ ဖြစ်ပါတယ်။

FacebookYouTubeTelegramTikTok
ရင်းမြစ်များ